အောင်မြင်စွာ ဝိတ်ချနိုင်ဖို့ ဘာတွေလိုအပ်လဲ
အဆီပိုမရှိတဲ့ ခန္ဓာကိုယ်လေးနဲ့ ပေါ့ပါးသွက်လက်နေတာကို လူတိုင်းလိုချင်ကြပါတယ်။ ဒါပေမယ့် ပိန်ချင်ဇောနဲ့ ပိန်ဆေးတွေသောက်၊ အစားတွေရှောင်ပြီး ရောဂါတွေရတာကလည်း မကောင်းသလို ပိန်တော့ပိန်ချင်ပေမယ့် ပိန်ဖို့အတွက်တော့ ဘာမှမကြိုးစားချင်ဘဲ ဝမြဲဝဆဲဖြစ်ပြီး နှလုံး၊ သွေးတိုး၊ ဆီးချို၊ အသက်ရှူမဝ၊ မောတာတွေ ဖြစ်ရတာကလည်း မကောင်းပါဘူး။
ကျန်းမာချင်လို့၊ လှချင်လို့ ဝိတ်ချမယ်ဆိုရင် အောင်မြင်စွာ ဝိတ်ချနိုင်ဖို့က အရေးကြီးပါတယ်။
အောင်မြင်စွာ ဝိတ်ချနိုင်ဖို့ ဘာတွေ လိုအပ်မလဲ?
(1) ဝိတ်ချချင်စိတ် ရှိရပါမယ်
ကိုယ်ကိုယ်တိုင်က အရေးအကြီးဆုံးပါပဲ။ ကိုယ်ကိုယ်တိုင်က ဝိတ်ကျရမယ်၊ ကျန်းမာရမယ်ဆိုတဲ့ ပြင်းပြတဲ့ စိတ်ရှိရင် ဘယ်သူကမှ လာတားလို့၊ နှောင့်ယှက်လို့ မရပါဘူး။
(2) သေချာတဲ့ ဆုံးဖြတ်ချက် ရှိရပါမယ်
ဘယ်လောက်ပင်ပန်းပင်ပန်း၊ အချိန်ဘယ်လောက်ကြာကြာ ငါရအောင် ဝိတ်လျှော့မယ်။ အလွယ်လမ်း မလိုက်ဘဲ ကျန်းမာတဲ့နည်းတဲ့၊ သေသေချာချာ ပိန်အောင်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ရှိဖို့လိုအပ်ပါတယ်။
(3) တိကျတဲ့ ပန်းတိုင်ရှိရပါမယ်
ဘယ်အတိုင်းအတာအထိ ဝိတ်ကျအောင်လုပ်မယ် ဆိုတဲ့ပန်းတိုင် ထားပါ။ ဥပမာ…တစ်ပတ်ကို ၂ ပေါင်ချမယ်၊ တစ်လကို ၈ ပေါင်ချမယ်၊ ကိုယ်အလေးချိန် ၁၂၅ ပေါင်ရတဲ့အထိ ချမယ် စသဖြင့် တိကျတဲ့ပန်းတိုင် ထားပြီး ရအောင်လုပ်ချင်စိတ် ရှိဖို့ လိုအပ်ပါတယ်။ တစ်ပတ်ကို ၂ ပေါင်ကျဖို့အတွက် တစ်နေ့တာစားလိုက်တဲ့ ကယ်လိုရီ ပမာဏထက် ၅၀၀ ကနေ ၁၀၀၀ ကယ်လိုရီခန့် လောင်ကျွမ်းအောင် လုပ်ဖို့ လိုအပ်ပါတယ်။
(4) အချိန်ပေးနိုင်ရပါမယ်၊ စိတ်ရှည်ရပါမယ်
ဒီနေ့ပိန်ချင်ပြီး မနက်ဖန် လက်လျှော့ချင်လို့ မရပါဘူး။ လိုချင်တာ ရနိုင်ဖို့ စိတ်ရှည်ရပါမယ်။ အချိန်ပေးနိုင်ရမယ် ဆိုရာမှာ နေ့စဥ်နာရီဝက်ခန့် ကိုယ်လက်လှုပ်ရှားဖို့၊ ကျန်းမာတဲ့ အစားအသောက်တွေ ပြင်ဆင်နိုင်ဖို့ အချိန်တစ်ခု လိုအပ်ပါတယ်။ ဒါ့အပြင် ကိုယ်လိုချင်တဲ့ ပန်းတိုင်အထိ ဘယ်လောက်ကြာကြာ ရောက်အောင်သွားမယ် ဆိုတဲ့ စိတ်ရှည်မှုမျိုး လိုအပ်ပါတယ်။
(5) ရသတဏှာကို ဖြတ်နိုင်ရပါမယ်
ကိုယ်ကြိုက်တဲ့ အဆီအစိမ့်တွေ၊ Snack တွေ၊ ဆီကြော်တွေကို ဖြတ်ပြီး အသီးအရွက်တွေ များများစားရတာ၊ အရည်သောက်ဟင်းတွေ စားရတာ၊ ဗိုက်ဝအောင် မစားရဘဲ နည်းနည်းစီပဲ စားရတာတွေဟာ တော်တော်တော့ ခံရခက်တာပေမယ့် တကယ်ပိန်ချင်ရင်တော့ ရသတဏှာကို ဖြတ်မှရမှာပါ။
(6) လှုပ်လှုပ်ရှားရှား နေရပါမယ်၊ ပျင်းလို့မရပါဘူး
ဝတယ်ဆိုမှတော့ လှုပ်ရှားမှုနည်းပြီး အထိုင်များ၊ အအိပ်များတဲ့ အကျင့်ရှိလို့ပါ။ ဝိတ်ချချင်ရင် ပျင်းတဲ့စိတ်တွေ လွှင့်ပစ်ပြီး လှုပ်လှုပ်ရှားရှားနေမှ အဆီပိုတွေ လောင်ကျွမ်းစေမှာ ဖြစ်ပါတယ်။ တစ်နေ့ကို နာရီဝက်ခန့် အနည်းဆုံး လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်ပါတယ်။ အေရိုးဗစ်၊ ယောဂ၊ zomba ကတာ၊ စက်ဘီးစီးတာ၊ ပြေးတာ၊ ရေကူးတာ၊ တောင်တက်တာ စသဖြင့် ကြိုက်ရာကို လုပ်လို့ရပါတယ်။ ရုပ်ရှင်ကြည့်ရင်း၊ ဖုန်းကြည့်ရင်းနဲ့လည်း ခြေထောက်လေ့ကျင့်ခန်းတွေ လုပ်တာမျိုး အလေ့အကျင့်လုပ်ပါ။
(7) နေထိုင်စားသောက်မှုပုံစံကို ရေရှည်အသားကျသွားအောင် ပြောင်းနိုင်ရပါမယ်
ဝိတ်နည်းနည်းကျတာနဲ့ အပျင်းထူမယ်၊ စားချင်တာစားမယ် ဆိုရင်တော့ ပြန်ဝလာနိုင်တာမို့ အစတည်းက မလုပ်တာနဲ့ သိပ်မထူးပါဘူး။ ကျန်းမာရေးနဲ့ညီတဲ့ အနေအထိုင်၊ အစားအသောက်ပုံစံကို ရေရှည်ထိန်းသိမ်းထားဖို့ကလည်း အရေးကြီးပါတယ်။
အခုပြောခဲ့တဲ့ အချက်တွေကို လိုက်နာရင် ကျစ်လစ်လှပတဲ့ ခန္ဓာကိုယ်လေးနဲ့ ပေါ့ပါးသွက်လက်ဖို့ ခက်ခဲမှာ မဟုတ်ပါဘူး။ ဟက်ပီးလေးတို့လည်း ကျန်းမာပြီး အောင်မြင်စွာ ဝိတ်ချနိုင်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်